မျက်ရည်ဧည့်သည်တို့ ရေ
ကြွေလွင့်လိုက် ဝေပွင့်လိုက်နဲ့ အရက်ရက် အစက်အစက်
ကွက်လပ်တွေ ကိုခွါခွါချ ဟာကွက်တွေအဖြစ် ငဒို့ ကပဲ သနားတတ်လို့လား
အိပ်ပျက်ညတွေကြားထဲ ပွင့်ထွက်ကြွေကျ
အဖြေညှိရင်းနဲ့ ရင်ထဲ ထိ ပွန်းပဲထိရှတယ်
အညှာမခိုင်တဲ့ မျက်ရည်တွေတော့အပြစ်မတင်ပါနဲ့
ကိုးကွယ်မှု့တိုင်းဟာ ယုံကြည်ရာအမှန်တရားပဲလေ
လွတ်လပ်ခွင့်တွေနဲ့ တည်ဆောက်ခွင့်ရှိတဲ့ ကောင်းကင်ပြာကြီးပါ
အလွှာတွေခွါချပစ်ဖို့
သူရို့ .... မသိချင်ယောင်ယောင်ခဲ့ကြတယ်ထင်ပါ့
မကြင်ရတဲ့သူချည်းပဲဆိုပြီးတော့ အရာရာ လက်လွတ်စပယ်လုပ်ကြ
စိတ်ပျက်ဖွယ်သတင်းဆိုးတွေကို ခဏခဏ ကြားရ မြင်ရ
လူသတ်ပွဲတွေကျင်းပကြ .. လူညစ်ပွဲတွေကျင်းပကြ ... မဆင်မခြင်ပွဲတွေကျင်းပကြ
အသံကောင်းဟစ်ပွဲတွေကျင်းပကြ ... အကြံမဲ့စစ်ပွဲတွေကျင်းပကြ ...
ရောင်းစားပွဲတွေကျင်းပကြ ... အဟောင်းစားပွဲတွေကျင်းပကြ ... ပြီးတော့ ခေါင်းစားကြ
အခေါင်းဝမှာ မျှော်လင့်နေတဲ့ အနီရောင်ဝိညာဉ် မင်းတို့လဲ ခရီးထွက်တာစောလွန်းတယ်
ငါ့အထင် မင်းတို့ မြေဇာပင်ရိုင်းလေးတွေအဖြစ် သတ်မှတ်ခံရတယ်ထင်ပါရဲ့ကွာ
တကယ်တော့ မင်းတို့ ခန္ဓာ ကိုယ်မှာ သလင်းရနံ့တွေသင်းနေတာပါကွာ ဒါတောင်
လူမဆန် လိုက်တာ တိရစ္ဆာန်စိတ်ဓာတ် နဲ့ ဖွဲ့စည်းထားတဲ့ အကာအရံတစ်ခုအောက်
မိသားစုတွေ ကြင်ရသူတွေ လောက်လောက်လားလား အပြုံးတွေနဲ့ ဆွဲငင်ဖို့ ချွေးမျက်နှာတွေနဲ့
အလုပ်လုပ်နေခဲ့ကြတာပါကွာ မိသားစုဝင်တွေ တစ်လှေတည်းသားတွေ တစ်မြေတည်းသားတွေ
မင်းတို့နဲ့ အတူ စိုးရိမ်ပူပန်နေကြတယ်ဆိုတာ မင်းတို့သိပေးပါ
အကြောင်းမလှလို့ အခေါင်းဝမှတစ်နေတဲ့သူတွေလဲ အမျှဝေပါတယ်
အကြောင်းမလှလို့ ဗူးဝမှာ ဒူးချထားရတဲ့ ရွှေတွေအတွက်လဲ မေတ္တာပို့ပါတယ်
အကြောင်းမလှလို့ ပြောင်းမရ သေးတဲ့ ရွှေတွေအတွက်လဲ အငိုတွေကင်းပါစေလို့ ဆုမွန်ချွေပါတယ်
အခြေမလှလို့ နေမရတဲ့ ရွှေတွေအတွက် အပြုံးမျက်နှာတွေနဲ့ ကမ်းလက်အဖြူတွေနဲ့ လှမ်းနေပါတယ်
အခြေမလှလို့ နေရတဲ့ ရွှေတွေအတွက် သတိတရား ရင်မှာပိုက်လို့ နေစေချင်ပါတယ်
စိတ်မကောင်းပေမယ့် နေကြရတာ ကိုယ်ပိုင်နေရာတွေမှမဟုတ်တာ
ဘာပဲဖြစ်ဖြစ် ထပ်တူ ကျတဲ့နေစွဲ အလှတွေပိုင်ဆိုင်ပါစေဗျာ
မောင်ရေခဲ






0 comments:
Post a Comment